middle ad

စီးပွားဖြစ်သစ်ခွစိုက်ပျိုးသူတွေ ဘယ်လိုဥပဒေသတွေကို သိထားသင့်လဲ


သစ်ခွကို အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ဖို့ အဓိကကတော့ အပင်ရဲ့အထာ၊ သဘာဝနဲ့ ကြိုက်နှစ်သက်မှုကို သိထားဖိုတော့လိုပါတယ်။ သစ်ခွဟာ သဘာဝမှာ ပေါက်ရောက်ခဲ့တဲ့ အလေ့အထနဲ့ ရာသီဥတုကို အခြေခံပြီးတော့ ပြောင်းပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ သစ်ခွတွေအကုန်လုံးကို တစ်တန်းထဲထားပြီး စိုက်ပျိုးပြုစုလို့မရပါ။ အပူ၊အအေး၊အလင်းရောင်၊ရေ စတာတွေမှာ သစ်ခွဟာ အကြိုက်ချင်းမတူတဲ့အတွက် သူရဲ့သဘောသဘာဝကို အထူးအလေးထားဖို့တော့ လိုပါတယ်။


ဥပဒေသ (၁) 
--------------
• သစ်ခွဟာ နေရောင် (သို့) အလင်းရောင် ကောင်းကောင်းရဖို့လိုပါတယ်။ နေရောင်ဟာ အစာချက်ဖို့နဲ့ အပင်ကြီးထွားဖို့အတွက် အရမ်းအရေးပါပါတယ်။ နေရောင်အထိများသွားရင်လည်း အရွက်တွေဝါပြီး ဖျော့သွားတာတွေ ၊နေလောင်တာတွေဖြစ်တတ်ပါတယ်။ နေရောင်ရတာအရမ်းနည်းသွားရင်လည်း အရွက်တွေပျော့ပြီး စိမ်းညှို့လာမယ်၊ကြီးထွားမှုနှေးပြီး အပွင့်မပွင့်တာတွေဖြစ်တတ်ပါတယ်။

• နေရောင်ခြည်လုံလုံလောက်လောက်ရရင် သစ်ခွပင်လန်းဆန်းကြီးထွားလာမှာဖြစ်ပါတယ်။ အရွက်တွေလည်း စိမ်းညှို့မည်းမှောင်တာတွေမဖြစ်ပဲ ဖက်ဖူးရောင်သန်းနေမှာဖြစ်ပါတယ်။ သစ်ခွဟာ နေရောင်ကြိုက်တဲ့အပင်ဖြစ်တဲ့အတွက် ဘယ်သစ်ခွမျိုးမဆို တိုက်ရိုက်ကျလာတဲ့ မနက်နေရောင်ကို ကြိုက်နှစ်သက်ကြပါတယ်။ ရာသီဥတုကို လိုက်ပြီးတော့ အပူချိန်၊အလင်းရောင်၊ရေ စတာတွေကို ပြောင်းလဲဖန်တီးပေးရမှာဖြစ်ပါတယ်။

ဥပဒေသ(၂)
--------------
• သစ်ခွဟာ ပုံမှန်အားဖြင့် နေ့အပူချိန်( ၁၂ -၃၂) ဒီဂရီစင်တီဂရိတ် အတွင်း၊ညအပူချိန် (၁၀- ၂၁)ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးဖို့လိုပါတယ်။ ရာသီဥတုနဲ့ စိုက်တဲ့အမျိုးအစားပေါ်မူတည်ပြီးတော့ ပြောင်းလဲသတ်မှတ်ဖို့လိုပါတယ်။

• အအေးကြိုက်သစ်ခွတွေဖြစ်တဲ့ စင်ဗီဒီယမ်၊ အိုးဒွန်တိုဂလော့ဆမ်၊ အွန်စီဒီယမ် နဲ့ စိုက်ပရပီဒီယမ်တွေဟာ နွေရာသီမှာ နေ့အပူချိန် (၁၅-၂၁)နဲ့ ညအပူချိန် (၁၂)ဒီဂရီစင်တီဂရိတ် ၊ဆောင်းရာသီအတွက် နေ့အပူချိန် (၁၂-၁၅) နဲ့ ညအပူချိန် (၁၂)ဒီဂရီစင်တီဂရိတ်ရှိဖို့လိုပါတယ်။

• အပူကြိုက်သစ်ခွတွေဖြစ်တဲ့ ဗင်ဒါ၊ဖဲလီယာနော့ဗဲဆစ်၊ဒင်ဒရိုဗီယမ် ၊ကတ်တလီယာ တွေကို နေ့အပူချိန် (၂၁-၂၉) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၁၈-၂၁)ဒီဂရီစင်တီဂရီတ်အထိ ရာသီမရွေးထားပေးဖို့လိုပါတယ်။

• အရမ်းပူလွန်းတဲ့ အညာလိုဒေသတွေမှာတော့ နွေရာသီမှာ အောက်ခြေကို ရေဖျန်းပေးပြီး အပူချိန်လျှော့ပေးဖို့လိုပါတယ်။ အရိပ်အကာတွေအဖြစ်မနေလုပ်ထားပေးဖို့လိုပါတယ်။

ဥပဒေသ(၃)
---------------
• သစ်ခွဟာ အပူချိန်၊အလင်းရောင်၊အမျိုးအစားနဲ့ အရွယ်အစားပေါ်မူတည်ပြီး ရေငွေ့ကို ၄၀%ထိထားပေးပြီး အလင်းရောင်နဲ့ အပူချိန်အရမ်းမြင့်တဲ့အခါ ရေငွေ့ကို အနည်းဆုံး ၅၀%နဲ့အထက်ထားဖို့လိုပါတယ်။ ရာသီဥတုအရမ်းပူရင် ရေငွေ့များများလိုပြီး အေးရင်တော့ အနည်းငယ်ပဲလိုမှာဖြစ်ပါတယ်။ ညဖက်မှာ ရေငွေ့လျှော့ထားဖို့လိုပါတယ်။

• ရေငွေ့အရမ်းများရင် အပင်ဟာ ရေလွန်ရောဂါ၊အမြစ်၊အရွက်၊ပင်စည်ပုပ်ရောဂါတွေဝင်နိုင်ပါတယ်။ ရေငွေ့ကို လေဝင်လေထွက်နဲ့ ထိန်းထားပေးနိုင်ပါတယ်။

ဥပဒေသ(၄)
---------------
• သစ်ခွဟာ အပူချိန်၊ရေငွေ့နဲ့ နေရောင်ပေါ်မူတည်ပြီး လေဝင်လေထွက် ထိန်းထားဖို့လိုပါတယ်။ ရာသီဥတုပူပြီး လေတိုက်များတဲ့နေရာမှာ စိုက်ထားရင် အပင်ဟာ အမြဲခြောက်နေပြီး နွမ်းရိ၊ပျော့ဖတ်တာတွေဖြစ်တတ်ပါတယ်။

• လေဝင်လေထွက်နည်းပြီး အမြဲစိုစွတ်နေရင်လည်း ပိုး၊မှိုရောဂါတွေ ကျရောက်ပြီး ပုပ်လွယ်၊ပျက်စီးလွယ်ပါတယ်။ အပင်တွေကို ကြပ်သိပ်နေအောင်မစိုက်သင့်ပါ။

ဥပဒေသ(၅)
---------------
• သစ်ခွကိုစိုက်တဲ့အခါ အမြစ်ကို မထိခိုက်စေပဲ ရေနဲ့အစာကို အထောက်အပံ့ပေးနိုင်တဲ့ ပျိုးခံပစ္စည်းလိုပါတယ်။ သဘာဝမှာ သစ်ခွဟာ သစ်ပင်၊ကျောက်ဆောင်၊မြေကြီးတွေကို အမှီသဟဲပြုပြီးတော့ လေ၊ရေထဲကနေ အစာကို ချက်ယူကြပါတယ်။

• လူတွေစိုက်ပျိုးတဲ့အခါမှာလည်း မြေအိုး၊သစ်သားခြင်း၊တိုင်တွေနဲ့စိုက်တဲ့အခါ မီးသွေး၊အုတ်နီခဲ၊အုန်းဆံဖတ်တွေထည့်ပြီး စိုက်ပျိုးကြပါတယ်။ အဲဒီအရာတွေက သစ်ခွတွေအတွက် အစာကို စုပ်ယူစုဆောင်းထားပေးပါတယ်။ ပျိုးခံပစ္စည်းတွေကို သုံးတဲ့အခါရေစီးဆင်းမှုကောင်းပြီး ခြောက်သွေ့လွယ်တဲ့ပစ္စည်းဖြစ်ဖို့တော့လိုပါတယ်။ 
ဒီဥပဒေသ(၅)ရပ်ကို နားလည်သဘောပေါက်ထားရင် သစ်ခွပင်ကို အသေအပျောက်နည်းနည်းနဲ့ အပွင့်များများထုတ်ယူနိုင်မှာဖြစ်ပါတယ်။
Source; Pissaya Info
Similar Videos

0 comments: