middle ad

နှမ်းစိုက်တဲ့အခါ အပွင့်တွေမည်းပြီး အသီးမတင်တာမဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲ



နှမ်းကို မိုးနှမ်း၊ဆောင်းနှမ်း စသဖြင့် စိုက်ပျိုးတဲ့အခါ မိုးနှမ်းဆိုရင် စိုက်ချိန်ကို ပထမ မိုးရရချင်းစိုက်မှ မိုးနှမ်းကောင်းကောင်းရမှာဖြစ်ပါတယ်။ ဆောင်းနှမ်းကို စက်တင်ဘာလကုန်မှာ စိုက်မှ စိုက်ချိန်မှန်မှာ ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်ဖြစ်ဖို့လည်းလိုပါတယ်။ မျိုးကို ထူထူချရင် အပင်တွေကြပ်ညှပ်ပြီး လေဝင်လေထွက်မကောင်း၊နေရောင်ကောင်းကောင်းမရမရရင် အပင်မသန်ပဲဖြစ်တတ်ပါတယ်။ ပိုးနဲ့ရောဂါကျရောက်မှုလည်းများပါတယ်။


• တစ်ဧကကို မျိုးစေ့ (၂-၃)ပြည်သုံးရပါမယ်။ တစ်ဧကကို အပင်တစ်သိန်းလောက်ဝင်အောင် စိုက်ပျိုးနိုင်မှ အထွက်ကောင်းမှာဖြစ်ပါတယ်။
• တန်းကြား (၁၅)လက်မ၊ပင်ကြား(၄)လက်မထားပြီးစိုက်ပါ။ မြေကောင်းရင် ဓာတ်မြေသြဇာကို လိုတာထက် ပိုမထည့်ဖို့လိုပါတယ်။ နဂိုကောင်းတဲ့မြေမှာ မြေသြဇာတွေအရမ်းထည့်ရင် အပင်တွေသာဖြစ်ပေမယ့် အသီးမသီးပဲဖြစ်တတ်ပါတယ်။ အပင်တွေကောင်းရင် ပုလဲဓာတ်မြေသြဇာ လျှော့ကျွေးပြီး တီစူပါနဲ့ ပိုတက်ရှ်ကို ပုံမှန်ထည့်ပေးပါ။ သဘာဝမြေသြဇာတွေကိုလည်း အသုံးပြုပါ။
• တစ်ဧကကို တီစူပါ ၅၆ပေါင်၊ပိုက်တက်ရှ် ၂၈ပေါင်ထည့်ပြီး အပွင့်ကနေ အသီးကောင်းကောင်း သီးနိုင်အောင်ပန်းပွင့်ချိန်မှာ ပုလဲ၂၈ပေါင်ကျွေးပါ။
• ပန်းပွင့်ပြီးတာနဲ့ အသီးသီးအောင် ပန်းပွင့်ချိန်မှာ ရေသွင်းပေးပါ။ ရေမရရင် အပွင့်တွေပွင့်သလောက် အသီးမရတာတွေလည်းဖြစ်နိုင်ပါတယ်။ ရေဝပ်ရင်လည်း အပင်တွေပုပ်သွားနိုင်ပါတယ်။ နှမ်းဟာ ရေအရမ်းများတာမကြိုက်တဲ့အတွက် မိုးဖွဲဖွဲရွာသလောက်ပဲ ရေကို ပေးရမှာဖြစ်ပါတယ်။
• အပွင့်တွေမည်းတာက ပိုးနဲ့ ရောဂါတွေကြောင့်ဖြစ်နိုင်ပါတယ်။ ပိုးအနေနဲ့ လှေးပိုး၊သီးလုံးဖောက်ပိုး၊ ရွက်ထွေးပိုး၊ဖလံ၊စုပ်စားပိုးစတာတွေကျနိုင်ပါတယ်။ အပွင့်တွေထွေးလုံးပြီး မဲသွားတာက လှေးပိုး ကြောင့်ဖြစ်ပါတယ်။ လှေးပိုးတွေဟာ အကောင်သေးသေးရှည်ရှည်လေးတွေဖြစ်ပါတယ်။ မိုးခေါင်ပြီး အပူချိန်များရင် လှေးပိုးကျတာ များပါတယ်။ အပင်ငယ်စဉ် အပွင့်ခေါင်းလောင်းမစွဲခင် ပွင့်ဖူးကင်း ဝင်ချိန်နဲ့ ပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန်၊အသီးလေးတွေ စကပ်တဲ့အချိန်မှာ ဖျက်ဆီးတတ်ပါတယ်။ အရွက်တွေ၊ပွင့်ဖူးတွေ၊သီးနုတွေ တွန့်ကုပ်ခြောက်ကပ်ပြီး မဲသွားပါတယ်။ ပွင့်ထွေးပိုးကျရင်လည်း ဒီလိုလက္ခဏာတွေပြပါတယ်။
• ပင်လုံးပြန့်ပိုးသတ်ဆေးတွေဖြစ်တဲ့ အေမီဒါ၊ဒိုင်မီသိုအိတ် စတဲ့ဆေးတွေကို သုံးပါ။ ပျ၊ဖြုတ်စတဲ့ စုပ်စားပိုးကောင်တွေကိုလည်း ဒီဆေးသုံးနိုင်ပါတယ်။ ပိုးတွေဟာ ပန်းပွင့်၊အညွန့်တွေမှာနေတတ်ပြီး မနက်စောစောနဲ့ ညနေစောင်းတွေမှာ ဆေးဖျန်းပါ။ သက်တမ်း(၃၅)ရက်ကြာပြီး အပင်ပေါက်ပြီး ရက်(၃၀)ဆိုရင် ဆေးဖျန်းသင့်ပါတယ်။
• ရောဂါတွေအနေနဲ့ ရိုးမဲ၊နှမ်းဖို၊ရိုးပျောက်၊ရွက်ပျောက်၊ပင်နာကျ၊ပင်ညှိုးစတာတွေကြောင့်လည်း ပန်းပွင့်မည်းသွားတတ်ပါတယ်။ ရောဂါမဟုတ်ပဲ ပိုးကောင်တွေတွေ့ရင်တော့ ပိုးသတ်ဆေး ဖျန်းပေးရမှာဖြစ်ပါတယ်။
Similar Videos

0 comments: