ဖရဲစိုက်တဲ့အခါ အသီးသီးဖို့၊အသီးတင်ဖို့၊သီးကင်းလေးတွေပုပ်ပြီး မကြွေဖို့က ရေသွင်းတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ရေသွင်းမှန်ဖို့လိုပါတယ်။ သဲဆန်တဲ့မြေဖြစ်ရင် ရေပိုသွင်းရပါတယ်။ ရာသီဥတုအခြေအနေ၊မြေအမျိုးအစားတွေကို ကြည့်ပြီး ရေကို အသီးသီးမယ့်အချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန်တွေမှာ ရေအရမ်းလိုတဲ့အချိန်တွေဖြစ်ပါတယ်။ ရေသွင်းတာနည်းရင် အသီးတင်တာ၊အသီးသီးတာ နည်းမယ်။ ရေသွင်းတာများသွားရင်လည်း အသီးအူချောင်မယ်၊ အသီးခွံကွဲမယ်၊ အသီးကြွေမယ် စတာတွေဖြစ်ပါတယ်။ ရေသွင်းရင်လည်း မနက်ခင်းပိုင်းသွင်းတာက အမြစ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ ကောင်းစေပါတယ်။ မိုးများများရွာခဲ့ရင်၊ရေဝပ်ရင်ရေထုတ်ပေးဖို့လိုပါတယ်။
• ဖရဲပင်တွေမှာ နွယ်တွေ အရမ်းရှုပ်တွေးပြီး ရှည်နေရင်လည်း လေဝင်လေထွက်ညံ့ပြီး အပွင့်ကြွေ၊အသီးမတင်နိုင်ပါ။
• ဝတ်မှုံကူးတာ မအောင်ရင်လည်း အသီးမတင်နိုင်သလို တင်တဲ့အသီးတွေလည်း ပုပ်ပြီး ကြွေနိုင်ပါတယ်။ ဝတ်မှုံကူးတာကို သဘာဝအတိုင်း ပျား၊ပိတုန်း စတဲ့အင်းဆက်တွေက ကူညီပေးပါတယ်။
• လူကနေပြီးတော့ မနက်(၆-၈)နာရီအတွင်းမှာ ပွင့်နေတဲ့ အဖိုပွင့်နဲ့ အမပွင့်တွေကို မျက်နှာချင်းဆိုင်အပ်ပြီး လှည့်ပြီးပွတ်ပေးလို့လည်းရပါတယ်။ အမပွင့်တစ်ပွင့်ကို အဖိုပွင့်(၃)ပွင့်နဲ့ ပွတ်ပြီး လူနဲ့ ဝတ်မှုံကူးပေးပါ။ မျိုးပိုအောင်ပြီး အသီးပိုတင်ပါတယ်။ သတိပြုရမှာက ဖရဲပင်အမပွင့်တစ်ပွင့်က နှစ်ရက်ပဲ ဝတ်မှုံကို လက်ခံနိုင်ပါတယ်။ ဒါကြောင့်ပန်းပွင့်တဲ့အချိန်ကို ပိုပြီးဂရုစိုက်ပေးပါ။
• အသီးတင်တာက သီးကိုင်းမွေးတာနဲ့လည်းဆိုင်ပါတယ်။ အပင်အရွက် (၃-၄)ရွက်ထွက်တဲ့အချိန်မှာ ထိပ်ညွန့်ကို ဖြတ်ပေးပါ။ အတက်(၃-၄)ကိုင်းမွေးမြုပါ။ ပင်ခြေကနေ (၃)ပေအကွာ အဆစ် (၁၃-၁၄)ဆစ်မှာ အသီးယူပါ။ ကျန်တဲ့ အတက်တွေကို ဖဲ့ပေးပါ။ အဆစ်(၂၇-၂၈)မှာ အညွန့်ဖြတ်ပေးပါ။ နွယ်ကိုင်းတွေမရှုပ်အောင်ထားပါ။ တစ်ခုနဲ့တစ်ခုမထပ်အောင် ဖြန့်ချပါ။ တစ်ပင်ကို သီးလုံး(၁)လုံးယူမှ အသီးကြီးပြီး အရည်အသွေးကောင်းစေမှာဖြစ်ပါတယ်။
• အမပန်းပွင့်ချိန်မှာ (၁၅)ပတ်လည် ကွန်ပေါင်းမြေသြဇာကို တစ်ဧက တစ်အိတ်ကျွေးပါ။ အသီးတင်ချိန်မှာ ပုလဲအိတ်ဝက်နဲ့ ကွန်ပေါင်းမြေသြဇာ အိတ်ဝက်ကျွေးပါ။ ကယ်လ်ဆီယမ်နဲ့ ဘိုရွန်လည်း ကျွေးဖို့လိုပါတယ်။
www.shwetheenhan.com

0 comments: